နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အာဆီယံခေါင်းဆောင်များစုဝေးပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အာဆီယံခေါင်းဆောင်များစုဝေးပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် အောက်တိုဘာ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာရာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အင်ဒိုနီးရှားသမ္မတ နိုင်ငံ စက်မှုဝန်ကြီးဌာန ၀န်ကြီး H.E. Mr. Airlangga Hartarto၊ အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးမင်းလွင်၊ အင်ဒိုနီးရှားနိုင်ငံ သံတမန်ရေးရာဝန်ကြီးဌာနမှ အရာရှိကြီး များနှင့် တာဝန်ရှိသူများက ဘာလီမြို့ Ngurah Rai အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် The Patra Bali Resort သို့ရောက်ရှိကြသည်။

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဘာလီကျွန်း Sofitel Bali Nusa Dua Beach Resort ၌ ကျင်းပသည့် အာဆီယံခေါင်းဆောင်များစုဝေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။

အာဆီယံခေါင်းဆောင်များစုဝေးပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် အာဆီယံခေါင်းဆောင်များကို အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။

စုဝေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နှင့်ဦးစိုးဝင်း၊ ဌာနဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဒေါ်အိအိခင်ဧနှင့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးမင်းလွင်တို့ တက်ရောက်ကြသည်။

စုဝေးပွဲတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုက အဖွင့်အမှာ စကား ပြောကြားသည်။

ထို့နောက် “ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် များမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ ပြည့်မီစေရေးနှင့် ဖွံ့ဖြိုးမှု ကွာဟချက်များ ပပျောက်စေရေး” ဆောင်ပုဒ်ဖြင့် အာဆီယံခေါင်းဆောင်များစုဝေး တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ အာဆီယံအတွင်းရေးမှူးချုပ် H.E. Mr. Dato Lim Jock Hoi နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတားရတ်တို့က အမှာစကား ပြောကြားကြပြီး အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို၊ ဘရူနိုင်းဘုရင် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ၀ါဒူလာ၊ ကမ္ဘောဒီးယား ၀န်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆုလစ် နှင့် မလေးရှားဝန်ကြီးချုပ် မစ္စတာ မဟာသီယာမိုဟာမတ်၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေး၊ စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာနှင့် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုတို့က မိမိတို့ နိုင်ငံ အလိုက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက် မိန့်ခွန်းများ ပြောကြားကြ သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိမိအနေဖြင့် ယခုလို ဘာလီတွင် အာဆီယံ ခေါင်းဆောင်များစုဝေးပွဲ လက်ခံကျင်းပပေးသည့်အတွက် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုကို အာဆီယံ ခေါင်းဆောင်များနှင့်အတူ ကျေးဇူးတင်ရှိပါ ကြောင်း၊ မိမိအနေဖြင့် အင်ဒိုနီးရှားသမ္မတနိုင်ငံ အစိုးရနှင့် ပြည်သူလူထု အထူးသဖြင့် မိမိတို့ဘာလီကျွန်းကို ရောက်ရှိစဉ်က စတင်ပြီး ဘာလီပြည်သူလူထု၏ လှိုက်လှဲပျူငှာပြီး နွေးထွေးသော ကြိုဆိုမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း။

မိမိအနေဖြင့် ဆူလာဝေစီကျွန်း အလယ်ပိုင်းတွင် စက်တင်ဘာလ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် မြေငလျင်နှင့် ဆူနာမီရေလှိုင်းများကြောင့် အသက်အိုးအိမ်စည်းစိမ် များစွာ ထိခိုက်သေကြေပျက်စီးခဲ့ရသည့်အတွက် အင်ဒိုနီးရှားအစိုးရ၊ ပြည်သူတစ်ရပ် လုံးနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း။

ယခုလို အာဆီယံနိုင်ငံ အကြီးအကဲများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌနှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ အမှုဆောင်ညွှန်ကြား ရေးမှူးတို့ တွေ့ဆုံဆွေးနွေးရာတွင် မိမိအနေဖြင့် ပါဝင်ခွင့်ရရှိသည့်အတွက် ဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ ယခုလို တွေ့ဆုံခြင်းသည် ဒေသအတွင်း ညီမျှသည့် သာယာ ဝပြောမှုနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက်လျင်မြန်စွာ ရရှိ နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း။

ဆွေးနွေးခွင့်ရသည့်အခိုက်တွင် ကြုံတွေ့နေရသည့်စိန်ခေါ်မှုများကို ကျော်လွှား သွားနိုင်ရန်၊ မိမိတို့နိုင်ငံများအကြား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက် များ ရရှိစေရန်နှင့် တန်းတူရည်တူ ဖွံ့ဖြိုးတိုးတက်စေရန် မိမိ၏အမြင်ကို ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ မျှတပြီး အများပါဝင်နိုင်သည့် စီးပွားရေး နှင့် ဘဏ္ဍာရေးတိုးတက်မှုရရှိရန် ဆောင်ရွက်ချက် အချို့ကိုလည်း ပြောကြားသွားမည် ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ကမ္ဘာ့နိုင်ငံများ အကြားတွင် လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအသီးအပွင့်များကို အဆိုပါ နိုင်ငံသားများအကြားတွင် လည်းကောင်း ညီညွတ်မျှတစွာ ခံစားနိုင်စေရေးသည် အလွန်အရေးကြီးသည်ဟု ယုံကြည်ကြပါကြောင်း။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်အမှတ် (၁၀)တွင် “နိုင်ငံတွင်းနှင့် နိုင်ငံ များအကြား မညီမျှမှုလျှော့ချရေး”ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှု၊ သာတူညီမျှ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုသည့် သဘောတရားများသည် မိမိတို့နိုင်ငံများတွင် အရေးပါသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါကြောင်း။

မိမိတို့အနေဖြင့် လတ်တလောဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေးစနစ်ကနေ Win-Win Strategies ရရှိနိုင်ရန် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို အလေးထား ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှု၏အကျိုးအမြတ်များကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် ကမ္ဘာ့နိုင်ငံများအကြား အာဆီယံအသိုက်အဝန်း တည်ထောင် သွားနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားနိုင်ရန် နည်းဗျူဟာမျိုးစုံ ချမှတ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့အပြင်၊ မိမိတို့အနေဖြင့် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပိုမိုထိတွေ့ပြီး အလုံးစုံပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားရန် အရေးကြီးကြောင်းကိုလည်း သိရှိနားလည်ကြပါကြောင်း။

ယနေ့ကမ္ဘာ့စီးပွားရေးမျက်နှာစာတွင် အခွင့်အလမ်း (Opportunities) များစွာရှိ သည့်အတိုင်း စိန်ခေါ်မှု(Challenges) များစွာလည်း ရှိပါကြောင်း၊ မိမိတို့အနေဖြင့် အခွင့် အလမ်းများကို ကောင်းမွန်စွာ အသုံးချရန်လိုအပ်ပြီး စိန်ခေါ်မှုများကိုလည်း တစ်စု တစ်စည်းထဲ ရပ်တည်အဖြေရှာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ကမ္ဘာ့စီးပွားရေးအစီရင်ခံစာအရ ကမ္ဘာ့နယ်ပယ်အသီးသီးတွင် အရှေ့အာရှနိုင်ငံ များ၏ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာခဲ့ပြီး စီးပွားရေးစွမ်းအား ပိုမိုမြင့်မားလာသည်ကို အနောက်နိုင်ငံများက အလေးထားအသိအမှတ်ပြုလာပါကြောင်း၊ အလားတူ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် APEC ၊ G20 ၊ BRICs၊ SCO တို့၏ အားကောင်းလာမှု သည်လည်း အရှေ့အာရှနိုင်ငံများ၏အခန်းကဏ္ဍကို အထောက်အကူဖြစ်စေခဲ့ပါကြောင်း။

အရှေ့အာရှနိုင်ငံများအနေဖြင့် ကမ္ဘာပေါ်တွင် အလင်းလက်ဆုံး စီးပွားရေး အင်အားတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စံပြ နမူနာလည်းဖြစ်ပါကြောင်း၊ သို့သော် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှုနှင့် စွမ်းအင်ရှားပါးလာမှု၊ စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိန်ခေါ်မှု၊ အခြေခံ အဆောက်အဦ လိုအပ်ချက်နှင့် ဒေသဆိုင်ရာ ပေါင်းစည်းဆက်သွယ်ရေးတို့ကို ရင်ဆိုင် သွားနိုင်ရန် မိမိတို့အနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မိမိတို့ အာဆီယံအနေဖြင့် ဖွံ့ဖြိုးမှုအသီးအပွင့်များကို မိမိတို့ ပြည်သူများအားလုံး မျှတစွာ ခွဲဝေခံစားနိုင်စေရေးကို များစွာအလေးအနက်ထားပါကြောင်း၊ မိမိတို့အနေဖြင့် လည်း ပိုမိုကောင်းမွန်သည့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းရေး အစီအမံသည် ပိုမိုကောင်းမွန်သည့်ဈေးကွက် အခွင့်အလမ်းများရရှိရေးကို အထောက် အကူဖြစ်စေမည်ဟု ယုံကြည်ထားပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကောင်းမွန် သည့် ရလဒ်များနှင့် အပြုသဘောအောင်မြင်မှုများ ရရှိစေရန် ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မိမိတို့ဒေသအတွင်း မျှတသည့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရေရှည်တည်တံ့ သည့်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နေသည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအနေဖြင့် အစိမ်းရောင်ထုတ်ကုန်များကို အားပေးဖော် ဆောင်ကြမည်ဆိုပါက ဒေသအတွင်း ပိုမိုကောင်းမွန်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမည်ဖြစ်ပြီး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် Rio 20 Summit တွင် ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်နှင့်အညီ Green Growth Strategies ကို ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် အစိမ်းရောင်ဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး ပြည်သူများအကြား အသိအမြင် တိုးတက်စေရန် အလေးထား ဆောင်ရွက်နေပြီ ဖြစ်ပါ ကြောင်း။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသနှင့် တောင်အာရှဒေသအကြား ပထဝီအနေအထားအရ မဟာဗျူဟာမြောက်စွာ တည်ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦလိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ဒေသတွင်း ပေါင်းစပ်ဆက်သွယ်မှုကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် စီးပွားရေးနှင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုက် အဝန်းနှင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ပူးပေါင်းပါဝင် ဖြေရှင်းသွားရန် အသင့်ဖြစ် နေကြောင်းကို ပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံ ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် စိုက်ပျိုးရေးထုတ်ကုန် တိုးမြှင့်စေခြင်းအားဖြင့် ဒေသ တွင်း စားနပ်ရိက္ခာလုံခြုံရေးကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင် ရွက်သည့်နေရာတွင် မိမိတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ် မည်ဖြစ်ပါကြောင်း။

မိမိအနေဖြင့် လက်ရှိအစိုးရ၏ ၂ နှစ်တာ ကာလအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုများရရှိစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုများကို အသိပေးလိုပါ ကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်များသည် ယနေ့ကျင်းပပြုလုပ်သည့် စုဝေးပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် “ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ် များမှတစ်ဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်များ ပြည့်မီစေရေးနဲ့ ဖွံ့ဖြိုးမှု ကွာဟချက်များ ပပျောက်စေရေး”နှင့်လည်း သဟဇာတဖြစ်လျက်ရှိပါကြောင်း။

ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒကို ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းမူဝါဒတွင် မြန်မာနိုင်ငံ၏ စီမံကိန်းရေးဆွဲခြင်း၊ အရ/ အသုံး ခန့်မှန်းခြေရေးဆွဲခြင်းနှင့် မူဘောင်များကို ကြီးကြပ်ကွပ်ကဲရာတွင် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ၏ မျှော်မှန်းချက်များကို ထဲထဲဝင်ဝင် ပေါင်းစည်း ပါဝင်လျက်ရှိသည်ကို သိသာစေပါကြောင်း။

အလားတူ အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွင် အထူးအရေးပါသည့် အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပြယုဂ်အဖြစ် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းသစ် ကိုလည်း ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ အောင်မြင် စွာ အကောင်အထည်ဖော်စေရန်နှင့် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် ရောက်ရှိစေရန် ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာမူဝါဒနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတို့ကို ပေါင်းစည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ထပ်လောင်း ပြောကြားလိုပါကြောင်း။

အခွင့်အခါသင့်ခိုက် မိမိအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ထပ်လောင်းရှင်းပြလိုပါကြောင်း၊ အဆိုပါစီမံကိန်း သည် ပေါင်းစည်းရေးနှင့် လက်ရှိစီမံချက်များနှင့် ဦးစားပေးကဏ္ဍများကို ကိုယ်စားပြု မည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးအာဂျင်ဒါကို ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လိုအပ်ချက်နှင့်အညီ ကိုက်ညှိဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း၏ အဓိကမဏ္ဍိုင်များ၊ ရည်မှန်းချက်များနှင့် မဟာဗျူဟာများ သတ်မှတ်ဖော် ထုတ်ရာတွင် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များဆိုင်ရာ ကတိကဝတ်များကို တိတိကျကျရှာဖွေရန်နှင့် သတင်းအချက်အလက်များကို ထည့်သွင်း စဉ်းစားရန် ခွင့်ပြုထားခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC)၊ မဟာမဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ(GMS)နှင့် အခြား ဒေသတွင်း အစီအစဉ်တို့နှင့် ပေါင်းစည်းဆောင်ရွက်မည့် ကတိကဝတ်များနှင့် ပိုမို ကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်ရန်လည်း ခွင့်ပြုထားပါကြောင်း။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတွင်ပါရှိသည့် အဓိကဦးစားပေးကဏ္ဍ တစ်ခုဆိုလျှင် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးမှုနှင့် လူဦးရေများပြားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နောက်ကျ ကျန်နေသည့် လူမှုရေး၊ စီးပွားရေးနှင့် ရုပ်ဝတ္ထု ဆိုင်ရာချိတ်ဆက်မှုများ ခိုင်မာအား ကောင်းစေရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားရန်ဖြစ်ပါကြောင်း။

ထို့ပြင် ဈေးကွက်အခွင့်အလမ်းများနှင့် အရေးတကြီး လိုအပ်နေသည့် နည်းပညာ အကူအညီ သွင်းအားစုများ ပိုမိုရရှိစေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်များကို ပိုမိုထုတ်ဖော်ပြသနိုင်ခြင်းအားဖြင့် ဒေသအတွင်း လယ်ယာစိုက်ပျိုးရေးကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုများတွင် ပိုမိုပါဝင်နိုင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက် သွယ်မှုအသစ်များ တိုးတက်လာရန်၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြား လာရန်၊ ဘဏ္ဍာရေးလမ်းစနှင့် အခွင့်အလမ်းများ ပိုမိုပွင့်လင်းလာရန်နှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုချဲ့ထွင်နိုင်လိမ့်မည်ဟု ယုံကြည်ထားပါကြောင်း။

ကုန်သွယ်မှု အဆင်ပြေချောမွေ့ခြင်းသည် ဒေသအတွင်း ချိတ်ဆက်မှုရှိသည့် မြန်မာနိုင်ငံအတွက် များစွာအထောက်အကူ ပြုစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုရှင်းလင်း တိကျစေခြင်း၊ အခွန် အကောက်၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုများ ပိုမိုတိုးတက်စေခြင်းနှင့် ပိုမိုခေတ်မီသည့် အိုင်တီနှင့် သတင်းအချက်အလက်စနစ်များ နေရာတကျထားရှိခြင်းအားဖြင့် ဒေသတွင်း ချိတ်ဆက်မှုများ တိုးတက်စေမည်ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် ကမ္ဘာ့အသိုက်အဝန်းနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိပြည်သူများ၏ အကျိုးအတွက် ဖွံ့ဖြိုးမှုကွာဟ ချက်များကို ရင်ဆိုင်ကျော်လွှားရန် အလေးအနက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါကြောင်း။

မိမိတို့အနေဖြင့် အာဆီယံမိသားစုဝင် နိုင်ငံများအားလုံးနှင့် ငြိမ်းချမ်းပြီး သာယာဝ ပြောသည့် ဒီမိုကရေစီမြန်မာနိုင်ငံ ဖြစ်ထွန်းလာစေရန် အနီးကပ်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် သာယာဝပြောရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်သည့်နေရာတွင် ကူညီပံ့ပိုးခဲ့ကြသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်အပါအဝင် ကမ္ဘာ့မိတ်ဖက် အဖွဲ့အစည်းများကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါကြောင်း။

မိမိအနေဖြင့် ယနေ့ဆွေးနွေးချက်များသည် ပိုမိုကောင်းမွန်ပြီး ဆန်းသစ်သည့် အစီအမံများကို ဖော်ဆောင်စေနိုင်လိမ့်မယ်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် မိမိတို့ဒေသ အတွင်း ပြည်သူများအားလုံး၏ အကျိုးအတွက် လူမှုရေးနှင့်စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြား သည်။

ထို့နောက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Mdm. Christine Lagarde နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Dr. Jim Yong Kim တို့က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာဆီယံနိုင်ငံများအကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြပြီး အာဆီယံခေါင်းဆောင်များက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အာဆီယံခေါင်းဆောင်များသည် အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။