နိုင်ငံတကာ ဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

Printer-friendly versionSend by email

 

နေပြည်တော် ဇန်န၀ါရီ ၇

နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီခွဲအထိ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဦးဆောင်၍ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးကိစ္စရပ်များ၊ တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာပြီးနောက် အခြေအနေများ၊ ရခိုင်ပြည်နယ်နှင့် နယ်စပ်လုံခြုံရေး ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးကြသည်။

အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများဖြစ်သည့် ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း နှင့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ တက်ရောက်ကြသည်။