အပြစ်မဲ့ရွာသားတစ်ဦးအား AA အဖွဲ့က ပစ်ခတ်သတ်ဖြတ်

Printer-friendly versionSend by email

အပြစ်မဲ့ရွာသားတစ်ဦးအား AA အဖွဲ့က ပစ်ခတ်သတ်ဖြတ်

နေပြည်တော် မတ် ၂၁

၂၀၁၉ ခုနှစ် မတ် ၁၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကျောက်တော်မြို့ ချမ်းမြေ့နဒီပန်းခြံဆိပ်ကမ်းရှိ စက်လှေတစ်စင်းပေါ်၌ သေနတ်ဒဏ်ရာဖြင့် လူတစ်ဦးသေဆုံးနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက်စစ်ဆေးစဉ် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ် ထရွန်အိုင်ကျေးရွာနေ ရခိုင်တိုင်းရင်းသား ဦးအောင်ကျော်ညွန့် (၅၃)နှစ် (ဘ) ဦးမောင်ဘကျော် ဖြစ်ကြောင်းနှင့် ဦးခေါင်းနောက်စေ့မှ ဖောက်ဝင်၊ ဝဲမျက်လုံးမှ ဖောက်ထွက်သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း၊ သေဆုံးရသည့် ဖြစ်စဉ်အား စိစစ်ရာ ဦးအောင်ကျော်ညွန့်သည် မတ် ၁၉ ရက် နံနက်ပိုင်းတွင် ကျောက်တော်မြို့သို့ ၎င်းပိုင်စက်လှေဖြင့် တစ်ရွာတည်းနေ မောင်ထွန်းမင်းနှင့်အတူ ဈေးဆိုင်ပစ္စည်းများ ဝယ်ယူရန်နှင့် နေပြည်တော်တွင် သားဖြစ်သူအား ကျောင်းအပ်၍ ပြန်လာမည့် ဇနီးဖြစ်သူ ဒေါ်ခင်သန်းလှိုင်ကို ကြိုဆိုရန်အတွက် ထွက်ခွာလာခဲ့ပြီး ညနေပိုင်းတွင် ကျောက်တော်မြို့ ချမ်းမြေ့နဒီဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ကျောက်တော်ဆိပ်ကမ်းသို့ ရောက်ရှိပြီးနောက် မောင်ထွန်းမင်းအား ကျောက်တော်မြို့တွင်းသို့ ဇနီးဖြစ်သူကို သွားရောက်ခေါ်ဆောင်ရန် စေလွှတ်ခဲ့ပြီး ဦးအောင်ကျော်ညွန့်မှာ စက်လှေပေါ်၌ တစ်ဦးတည်းကျန်ရှိနေစဉ် ယခုကဲ့သို့ သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်ပတ်ဝန်းကျင်နှင့် ထရွန်အိုင်ကျေးရွာနေသူများ၏ ပြောပြချက်အရ ဦးအောင်ကျော်ညွန့်မှာ AA အဖွဲ့အား ထောက်ခံအားပေးမှုမရှိသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ AA အဖွဲ့အနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာသူ ကျေးရွာသားများအား ကျည်ဆန်ထည့်ထားသည့် ခြိမ်းခြောက်စာပေးပို့ခြင်း၊ ဖမ်းဆီးခေါ်ဆောင်နှိပ်စက်ခြင်း၊ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ထိုသို့ မတရားဆောင်ရွက်မှုများအပေါ် ဒေသခံပြည်သူလူထုများအနေဖြင့် ကျေနပ်မှု မရှိကြကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များ အမြန်ဆုံးရပ်တန့်စေရေး AA အဖွဲ့ သတင်းနှင့် ပတ်သက်၍ နီးစပ်ရာလုံခြုံရေးအဖွဲ့အစည်းများသို့ သတင်းပေးပို့ကြပါရန် နှိုးဆော်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။