RFA တွင် ဖော်ပြပါရှိခဲ့သော အကျဉ်းသား ရဲရင့်အောင် (ခ) ကိုရဲ (ခ) အလီနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်

Printer-friendly versionSend by email

၁။ ၂၉-၇-၂၀၁၆ ရက် RFA ညပိုင်းသတင်းအစီအစဉ်၌ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ် ကျခံလျက်ရှိသည့် အကျဉ်းသား ရဲရင့်အောင် (ခ) ကိုရဲ (ခ) အလီနှင့် ပတ်သက်၍ ၎င်း၏ မိခင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်နေသူ ဒေါ်နီနီဝင်း၏ ပြောကြားချက်ကို သတင်း ထုတ်လွှင့် ခဲ့ပါသည်။

၂။       အဆိုပါ သတင်းထုတ်လွှင့်ချက်နှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ရှင်းလင်းချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)

အကျဉ်းသား ရဲရင့်အောင် (ခ) ကိုရဲ (ခ) အလီ (ဘ) ဦးသက်နိုင်သည် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ၁၉၀၀ အချိန်တွင် ပျဉ်းမနားမြို့၊ ရွာတော်ရပ်ကွက်နေ ကိုဇော်ဌေးမင်း ဆိုသူအား အရှည် (၂) ပေခန့်ရှိ သစ်သားတုတ်ဖြင့် ဦးခေါင်းအား ရိုက်သတ်မှု၊ မခင်စန္ဒာဌေး၏ ယာဘက်လည်ပင်းအား ရိုက်မှုတို့ဖြင့် သြဂုတ်လ (၁၁) ရက်နေ့တွင် မန္တလေးဗဟိုအကျဉ်းထောင်၌ ထောင်ဒဏ် (၁၁) နှစ် ကျခံနေရသူ ဖြစ်ပါသည်။

(ခ)

အကျဉ်းသားသည် မန္တလေးဗဟိုအကျဉ်းထောင်သို့ ရောက်ရှိချိန်တွင် စစ်ဆေးချက်အရ ကျန်းမာရေးကောင်းမွန်ခြင်း၊ စခန်းသို့ ပို့ဆောင်ရန် စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီခြင်းတို့ကြောင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရိလ (၁၉) ရက်နေ့တွင် အမှတ် (၁) ထုံးဘို ကုန်ထုတ်စခန်းသို့ ပြောင်းရွှေ့ပေးခဲ့ပါသည်။ အကျဉ်းထောင်သို့ ရောက်ရှိချိန်တွင် ယာဘက်ရင်ဘတ်၌ အကြိတ်ပါရှိသော်လည်း နာကျင်သည့်ဝေဒနာခံစားရခြင်း မရှိ၍ အကျဉ်းသားမှ တင်ပြခြင်း မရှိဘဲ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် အကျဉ်းသားသည် ရင်ဘတ် မကြာခဏ နာကျင်နေသဖြင့် အမှတ် (၁) ထုံးဘိုကုန်ထုတ် စခန်းမှ မန္တလေးဗဟိုအကျဉ်းထောင်သို့ ပြန်လည်ပြောင်းရွှေ့ပေးခဲ့ပါသည်။

(ဂ)

မန္တလေးဗဟိုအကျဉ်းထောင်ရှိ ဆေးရုံတွင် တင်ပို့ကုသခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့တင်ပို့ကုသခဲ့ရာ ရောဂါ သက်သာလာသဖြင့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ (၄) ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့သူ ဖြစ်ပါသည်။ မန္တလေးဗဟိုအကျဉ်းထောင်သို့ အထူးကုဆရာဝန်ကြီးများ လာရောက် ကုသချိန်တွင်လည်း အကျဉ်းသားအား ပြသပေးခဲ့ပြီး ပြင်ပ ပြည်သူ့ဆေးရုံကြီး သို့လည်း ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့၊ မတ်လ (၁၄) ရက်နေ့၊ ဧပြီလ (၁) ရက်နေ့၊ မေလ (၁၂) ရက်နေ့၊ ဇွန်လ (၁၆) ရက်နေ့နှင့် ဇူလိုင်လ (၁၄) ရက်နေ့ထိ စုစုပေါင်း (၆) ကြိမ် ပြသထားရှိပါသည်။ မန္တလေး အထွေထွေရောဂါကုဆေးရုံအုပ်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ခင်မောင်ထွန်းမှ ဇူလိုင်လ (၁၄) ရက်နေ့တွင် အဆိုပါ အကျဉ်းသားအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသ သင့်ကြောင်း အကြံပြုချက်အရ ဇူလိုင်လ (၃၀) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ရာ အင်းစိန် ဗဟိုအကျဉ်းထောင်သို့ သြဂုတ်လ (၁) ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ၎င်းအကျဉ်းသား အတွက် ဆေးကုသစရိတ် ငွေကျပ် (၄) သိန်းကျော် ကုန်ကျခဲ့ကြောင်း သိရှိရပါသည်။

(ဃ)

အကျဉ်းသား ရဲရင့်အောင် (ခ) ကိုရဲ (ခ) အလီ အား အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိသည့်နေ့မှစ၍ အကျဉ်းထောင်ဆေးရုံသို့ တင်ပို့ ကုသပေးခဲ့ပြီး အကျဉ်းထောင်သို့ အထူးကုဆရာဝန်ကြီးများ လာရောက်သည့်နေ့တွင် အကျဉ်းသားအား ပြသဆေးမှတ်ချက် ရယူပြီးမှသာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသပေးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

၃။       ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်နေသူ ဒေါ်နီနီဝင်း၏ ပြောကြားချက်နှင့် စပ်လျဉ်း၍ ဖြစ်စဉ်အမှန်ကို ပြည်သူများ သိရှိနိုင်ရန် ထုတ်ပြန်အပ်ပါသည်။