ရက် ၁၀၀ အတွင်း ဆောင်ရွက်မယ့် ကျန်းမာရေးဝန်ကြီးဌာန

Printer-friendly versionSend by email

မေ ၁၈

အစိုးရသစ်အနေဖြင့် ရက် ၁၀၀ အတွင်း ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာသိပ်သည်းကျစ်လျစ်ရန်နှင့် အဆင့်အတန်းပိုမိုမြှင့်တင်နိုင်ရန်၊ ရောဂါပျံ့နှံ့ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရန်နှင့် လက်တွေ့ကျသည့် ပြည်သူ့ကျန်းမာရေး စီမံကိန်းကို ရေးဆွဲနိုင်ရန်တို့ အကောင်အထည်ဖော် ဆောင်ရွက်မည့်အပေါ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများအား မေးမြန်းထားခြင်းဖြစ်ပါသည်။

 

ဒေါက်တာမြင့်ထွေး

ပြည်ထောင်စုဝန်ကြီး

ကျန်းမာရေးဝန်ကြီးဌာန

မေး။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရက်ပေါင်း ၁၀၀ အတွင်း ဘယ်လိုရည်ရွယ်ချက်၊ ရည်မှန်းချက်တွေထားပြီး ဘယ်လိုစီမံချက်တွေကို ရေးဆွဲအကောင်အထည်ဖော်သွားမလဲဆိုတာကို သိပါရစေ။

 

ဖြေ။ လက်တွေ့မှာ လူတွေခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေကို ထင်ဟပ်ဖို့ အခြေခံကိုထားမယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ် ကုသရေးဦးစီးမှူးတွေရဲ့အသံကို နားထောင်မယ်။ တစ်ပြည်လုံးမှာရှိတဲ့ ဆေးရုံအုပ်ကြီး တွေရဲ့ အကြံပြုချက်တွေကို နားထောင်မယ်။ ဒါ့အပြင် သုတေသနရဲ့ တွေ့ရှိချက်တွေကို သေသေချာချာ အလေးအနက်ထားပြီးစဉ်းစားမယ်။

 

တစ်ချိန်တည်းမှာပဲ ရက် ၁၀၀ အတွင်းမှာ လုပ်မယ်ဆိုရင် ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာ သိပ်သည်း ကျစ်လျစ်ရေးကို လုပ်ဆောင်သွားပါမယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှာဆိုရင် ဆုံးဖြတ်မှုအဆင့်ဆင့်တွေက အလွန်များပါတယ်။ ဒါတွေကို တတ်နိုင်သမျှလျှော့ချပြီးတော့ မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တွေလည်းလုပ်မယ်။ ဒီလိုလုပ်တဲ့ အခါမှာလည်း ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်း လုပ်လို့မရပါဘူး။ INGO တွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ဆရာဝန် အသင်းရှိတယ်။ သူ့အောက်မှာ လူမှုအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ဒီအဖွဲ့တွေနဲ့ပေါင်းပြီး လုပ်မှရပါမယ်။ အဲဒီလိုပေါင်းပြီးလုပ်ဖို့ စဉ်းစားထားပါတယ်။

 

မေး။ ဘယ်လိုကဏ္ဍတွေကို ပထမဆုံး အနေနဲ့ ပြုပြင်ပြောင်းလဲသွားဖို့ ရည်ရွယ်ထားပါသလဲ။

ဖြေ။ ကျွန်တော်တို့က ရက်ပေါင်း ၁၀၀ လုပ်တဲ့အခါမှာ ရေရှည်ကိုကြည့်ပြီးလုပ်ရမယ်။ Shot term လေးသွားလုပ်ရင် ဒါပြီးရင်ပြီးသွားမယ်။ ဘာမှဖြစ်မလာဘူး။ အဲဒီတော့ ရေရှည်ကို ကြည့်လုပ်ရမယ်ဆိုရင် ကျောင်းကျန်းမာရေး လုပ်ငန်းတွေကို အခုထက် အရှိန်အဟုန်တိုးပြီးလုပ်ရမယ်။ နောက်ကျန်းမာရေးပညာပေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်တိုးပြီးတော့ FM Radio Station ဒါမျိုးကနေ ကျေးလက်အထိ အကုန်လုံးရောက်အောင် လုပ်ပေးရမယ်။

 

တစ်ခုအရေးကြီးတာက ရေရှည်အနေနဲ့ စဉ်းစားကြည့်ရင် ဆရာဝန်တွေရဲ့ ကျင့်ဝတ်က အလွန်အရေးကြီးပါတယ်။ အဲဒီတော့ ဆရာဝန် ကျင့်ဝတ်တွေကို ဆေးကျောင်းမှာစပြီးတော့ တောက်လျှောက် (၆)နှစ်ဆက်တိုက် သင်ဖို့ လုပ်တယ်။ သင်မယ်။ ဆွေးနွေးမယ်။ အဲဒီလိုပဲ ပြည်သူ့ကျန်းမာရေးဆရာဝန်က ပြည်သူ့ကျန်းမာရေး ကျင့်ဝတ်ရှိတယ်။ ဒါတွေကို ပိုပြီးတော့ အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်မယ်လို့ ရည်ရွယ်ထားတယ်။

 

ပြည်သူ့အသံနားထောင်ဖို့နဲ့ နားထောင်လို့ရအောင် ညီလာခံတွေ၊ ဆွေးနွေးပွဲတွေ အကုန်လုံး လုပ်ပေးရမယ်။ အဲဒီတော့ ဘာလုပ်မယ် စဉ်းစားခဲ့သလဲဆိုတော့ အခြားနိုင်ငံတွေမှာလုပ်သလို (People’s health Assembly) လို့ခေါ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေ တကယ့်ကိုတွေ့မယ်။ တွေ့ပြီးတော့ ဆွေးနွေးမယ်။

 

ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ အားကစားနှင့် ကာယပညာဦးစီးဌာနလည်းပါတဲ့အတွက် သူတို့ရဲ့အကူအညီ အားကို ယူပြီးတော့ ကျောင်းတွေမှာ ကျောင်းသားတွေကို အားကစားစိတ်ဓာတ်ရှိဖို့၊ အားကစားလုပ်ဖို့ အကုန် လုပ်ပေးမယ်။ ဥပမာ အနည်းဆုံး စားပွဲတင်တင်းနစ်ကွင်းတို့၊ ဘတ်စကက်ဘောကွင်းတို့၊ ကြက်တောင်ကွင်းတို့၊ ဘောလုံးကွင်းကတော့ အခြေအနေအရ နေရာမရှိတဲ့အတွက် လုပ်လို့မရပါဘူး။ အလားတူပါပဲ အားကစားနဲ့ ကာယပညာဝန်ကြီးဌာနရဲ့ အကူအညီယူပြီးတော့ ပြည်သူထဲမှာ အားကစားတွေ ပိုပြီးလုပ်လာအောင်လုပ်ပေးမယ်။

 

မေး။ ပြည်သူတွေမျှော်လင့်နေကြတဲ့ ရက် ၁၀၀ စီမံကိန်းတွေပြီးမြောက်မှုမရှိရင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုဖြည့်တင်းဆောင်ရွက်သွားမယ်ဆိုတာလည်းသိပါရစေ။

ဖြေ။ ကျန်းမာရေးဝန်ထမ်းအနေနဲ့ကတော့ ဒါတွေကို ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့ အားလုံးနဲ့ပေါင်းပြီးတော့ လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ သို့သော်လည်း ဘာအလုပ်ပဲလုပ်လုပ် မမျှော်လင့်တဲ့ အကြောင်းအချက်တွေ၊ ဆိုလိုတာက ဝန်ကြီးဌာနက လုပ်ဆောင်လို့မရတဲ့ အကြောင်းအချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒါတွေ ဖြစ်လာရင်တော့ မရနိုင်ဘူး။ သို့သော်လည်း မရနိုင်သမျှ အဲဒီလိုဖြစ်တဲ့ အကြောင်းတွေကို ပြန်လည်ဆန်းစစ်ပြီး ဘယ်လိုပြန်ရအောင်လုပ်မလဲဆိုတာကို ကျွန်တော်တို့ကလုပ်မယ်။ လက်တွေ့မှာဆိုလို့ရှိရင်တော့ ဘယ်အရာမဆို ရာခိုင်နှုန်းအပြည့် ဖြစ်နိုင်တယ်ဆိုတာ လုံးဝမရှိပါဘူး။ အဲဒီ သဘောရှိပါတယ်။

 

မေး။ ပြည်သူတွေ ဘက်ကရော ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲဆိုတာကိုလည်း အကြံပြုပြောကြားပေးပါဦး။

ဖြေ။ ပြည်သူတွေဘက်ကတော့ ခုနပြောတဲ့ ညီလာခံတွေ၊ ဆွေးနွေးပွဲတွေမှာ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်းကို ပြောရမယ်။ မပြောဘဲနဲ့ ဆရာကို ကြောက်လို့မပြောတာ။ မြို့နယ်ဆရာကို ကြောက်လို့ မပြောတာ လုပ်လို့မရဘူး။ ပြောအောင်လည်း ဆရာတို့ဘက်က တာဝန်ယူပြီး သူတို့ကို ပြောအောင်လမ်းခင်း ပေးရမယ်။ တစ်ယောက်နဲ့တစ်ယောက်က အားမနာဘူးပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ အဲ့ဒါအရေးကြီးပါတယ်။

 

မေး။ ဒီပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ဖြည့်စွက်ပြောကြားစရာရှိရင်လည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ဖြည့်စွက်ပြီးပြောချင်တာကတော့ ကျွန်တော်တို့ဆီက လူတွေက ပြောင်းမယ်ဆိုတဲ့ ကိစ္စကိုကြောက်ကြတယ်။ အကြောင်းကြောင်းကြောင့် မပြောင်းချင်ကြဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ဟာ လုံလောက်တဲ့ အကြောင်းရှိရင် ပြောင်းသင့်ရင်ပြောင်းရမယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မဟာဗျူဟာ၊ နည်းဗျူဟာတွေကိုလည်း ပြောင်းသင့်ရင် လုံးဝကိုပြောင်းရမယ်။ ပြောင်းဖို့ကို လုံးဝတွန့်ဆုတ်လို့မရပါဘူး။ ဒီလိုပြောင်းတဲ့အခါမှာလည်း စဉ်းစားရမယ်။ ဒီလိုစဉ်းစားတဲ့ အခါမှာ အုံလေး၊ အိမ်လေးထဲမှာမဟုတ်ဘူး။ ခေါင်းထွက်ပြူကြည့် တီထွင် ဆန်းသစ်တဲ့တွေးခေါ်မှု (Out of the box thinking) ဒါမျိုးကိုစဉ်းစားရမယ်။ တစ်ချိန်လုံးကို စဉ်းစားနေရမယ်။ ဆန်းစစ်နေရမယ်။

 

ဒီလိုလုပ်ဖို့အတွက်ကိုလည်း (Virtual internal review technical assessment) ဆိုပြီးတော့ ကိုယ့်လုပ်ငန်းကို ကိုယ်လုပ်တာ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို စစ်ဖို့အတွက် ညွှန်ကြားရေးမှူးတွေ အကုန်လုံးပါတဲ့အဖွဲ့ကို ဖွဲ့ဖို့လည်းရှိတယ်။ မကြာခင်ဖွဲ့လည်းဖွဲ့မယ်။ အဲ့ဒီတော့ သူတို့ကကြည့်မယ်။ ဘာကြည့်မလဲဆိုရင် မြန်မာပြည်မှာ လုပ်နေတဲ့ စီမံချက်တွေ၊ စီမံကိန်းတွေရှိတယ်။ ဒါတွေကို သူတို့ကသွားကြည့်မယ်။ ဘာတွေလိုသလဲ။ ဘာကပြင်ရမလဲ။ ဘာကလျှော့ရမလဲ။ ဒါတွေကို လုပ်မယ်။

 

ဆိုလိုတာက ဒီအဖွဲ့သည် ကျွန်တော်တို့ရဲ့ မျက်စိ၊ နား၊ လက်တွေဖြစ်တယ်။ သူတို့ အဲ့ဒီလို သွားလုပ်မယ်။ တစ်ချိန်တည်းမှာပဲ ဒီအဖွဲ့ရဲ့ ရတဲ့ရလဒ်တွေကို ယူပြီးတော့ ကျွန်တော်တို့ရဲ့ စွဲနေတဲ့ ပြည်သူ့ကျန်းမာရေးစီမံကိန်း ၂၀၁၁ ကနေ ၂၀၂၁ အထိ အဲဒီမှာသေသေချာချာ လက်တွေ့ကျပြီး အမှန်အကန်ဖြစ်တယ်။ မလုပ်နိုင်တာကို လုပ်ရင်အလကားပဲ။ ကျွန်တော်တို့ ဆွဲတဲ့စီမံကိန်းမှာတော့ ဒီအတိုင်း သီအိုရီအရ လုပ်ရင်တော့ ကမ္ဘာမှာ နံပါတ်တစ်လောက်ကောင်းတဲ့ Plan ကြီးဖြစ်မယ်။ သို့သော်လည်း လက်တွေ့မှာ လုံးဝမလုပ်နိုင်ဘူး။ ဘာလို့ မလုပ်နိုင်လဲ၊ လက်တွေ့မြေပြင်မှာ ဘာဖြစ်နေ သလဲဆိုတာ ကျွန်တော်တို့မသိရင် ကျွန်တော်တို့လုပ်တာ ဒီဘက်သွားတယ်။ တကယ်ဖြစ်နေတာက ဟိုဘက်ဆိုရင် ကျွန်တော်တို့က ငွေကုန်အကျိုးမရှိတဲ့အပြင် လူတွေ ကလည်း ပိုပြီးတော့ ခုထက် ကျန်းမာရေးအခြေအနေ တိုးတက်လာမှာမဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့က အမြဲတမ်းကြည့်နေမယ်။ ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းဆန်းစစ်နေမယ်။ မှားရင်ပြင်မယ်။ ဒါကို လက်ခံရမယ်။

 

ဒေါက်တာသက်ခိုင်ဝင်း

အမြဲတမ်းအတွင်းဝန်

ကျန်းမာရေးဝန်ကြီးဌာန

မေး။ ပြည်သူလူထုအတွင်း ကျန်းမာရေး စောင့်ရှောက်မှုလွှမ်းခြုံနိုင်စေဖို့နဲ့ ကုသမှု အရည်အသွေးပိုမိုမြင့်မားလာစေဖို့ ရက် ၁၀၀ အတွင်း ဘယ်လိုစီမံချက်တွေချမှတ် အကောင်အထည်ဖော်သွားမယ်ဆိုတာကို သိပါရစေ။

ဖြေ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေ (၂၁) ခုအတွက် လိုအပ်တဲ့ နည်းဥပဒေတွေ ဆက်လက်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပြီး ရေးဆွဲထားပြီးဖြစ်တဲ့ ဥပဒေမူကြမ်း (၃)ခုကိုလည်း အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်သွားမှာပါ။ ရက် ၁၀၀ အတွင်းမှာ မပြီးခဲ့ရင်တော့ ပြင်ဆင် ဖျက်သိမ်းမှုတွေကို ဦးစီးဌာနတွေကိုယ်စား လွှတ်တော်ရေးရာကော်မတီတွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

 

နိုင်ငံတော်ရဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းတွေ၊ ကုသရေးလုပ်ငန်းတွေ ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်စေဖို့အတွက် သစ်လွင်ဆရာဝန်များအနေနဲ့ လက်ထောက်ဆရာဝန်ရာထူးနေရာ ၁၀၀၀ နဲ့ သွားဘက် ဆိုင်ရာဆရာဝန်ရာထူး ၄၂ နေရာ စုစုပေါင်းလစ်လပ်ရာထူးပေါင်း ၁၀၄၂နေရာကို ရွေးချယ်ခန့်ထားဖို့ စီစဉ်ညှိနှိုင်းမှုတွေကို သက်ဆိုင်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရက် ၁၀၀ အတွင်း ရွေးချယ်မှုစတင်နိုင်အောင် ဆောင်ရွက်သွားပါမယ်။ ဒါ့အပြင် အခြားသော ဆေးဘက်နှီးနွှယ် ကျန်းမာရေး ဝန်ထမ်းတွေ၊ သူနာပြုနဲ့ သားဖွားဆရာမတွေ ရွေးချယ်ခန့်ထားရေးကိုလည်း အဓိကလုပ်ဆောင်မှု တစ်ရပ် အနေနဲ့ ဆောင်ရွက်သွားပါမယ်။

 

ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ ဦးစားပေး လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေကတော့ ဆေးတက္ကသိုလ်တွေမှာ အရင်က 1st MB နဲ့ Final Part I သင်တန်း တွေမှာသာ သင်ကြားပေးတဲ့ Medical ethics သင်ခန်းစာတွေကို ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာ နှီးနွှယ် တက္ကသိုလ်တွေရဲ့ ဘွဲ့ကြို၊ ဘွဲ့လွန်အတန်းအားလုံးမှာ သင်ကြားနိုင်ဖို့အတွက် သင် ရိုးညွှန်းတမ်းကို ပြင်ဆင် ဆောင်ရွက်သွားပါမယ်။

 

ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ် တက္ကသိုလ်တွေရဲ့ စာကြည့်တိုက်တွေမှာ Union Catalogue System အသုံးပြုနိုင်ရေး ဆောင်ရွက်သွားပါမယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေမှာ သူနာပြု လိုအပ်ချက်ပြည့်မီနိုင်ဖို့အတွက် သူနာပြု ဒီပလိုမာဝင်ခွင့်ဦးရေကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ သင်တန်းသားဦးရေ တိုးမြှင့်ခေါ်ယူနိုင်ရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်သွားပါမယ်။

 

ဆေးသုတေသနဦးစီးဌာနအနေနဲ့ မြန်မာတစ်နိုင်ငံလုံးကျန်းမာရေးဝန်ဆောင်မှုပံ့ပိုးနိုင်ခြင်းနဲ့ အဆင်သင့်ဖြစ်ခြင်း လေ့လာဆန်းစစ်ချက် (၂၀၁၅ ခုနှစ်)ကို သက်ဆိုင်ရာ Stakeholders တွေဆီ ဖြန့်ချိပြီး မိမိတို့ရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို ပြုပြင်ဖြည့်ဆည်းနိုင်ဖို့ အကြံပြုတိုက်တွန်းခြင်းကို ဆောင်ရွက်သွားပါမယ်။

 

ကင်ဆာရောဂါနဲ့ပတ်သက်ပြီး သုတေသန ဆောင်ရွက်ချက်တွေ၊ စာတမ်းတွေရေးသား ပြုစုချက်တွေကိုစုစည်းပြီး ကျမ်းပြုစာရင်းစာအုပ် ပြင်ဆင်ထုတ်ဝေဖြန့်ချိခြင်းနဲ့ Telemedicine နဲ့ Population-based Cancer Registry တို့ကို ချိတ်ဆက်ကျင့်သုံးနိုင်အောင် အစပျိုးဆောင်ရွက်ခြင်း၊ အမျိုးသား ကျန်းမာရေးသုတေသနမူဝါဒကို ချမှတ်နိုင်အောင် ဆောင်ရွက်ခြင်း၊ ဆေးသုတေသန ဦးစီးဌာန သုတေသန ကျင့်ဝတ်ကော်မတီ ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းနဲ့ အမျိုးသားအဆင့် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ အကြံပြုတင်ပြခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ငှက်ဖျားရောဂါ ပူးပေါင်းဆောင်ရွက်ရေး ဌာနကို ပြန်လည် အသိ အမှတ်ပြုခံရအောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမှာပါ။

 

တိုင်းရင်းဆေးပညာဦးစီးဌာနအနေနဲ့ မူကွဲနေသော တိုင်းရင်းဆေးထုတ်လုပ်နည်း စာအုပ်တွေ တစ်ပြေးညီဖြစ်စေဖို့ ပြန်လည်ညှိနှိုင်း စိစစ်ထုတ်ဝေခြင်း၊ တိုင်းရင်းဆေးပညာ ဦးစီး ဌာနသုံး ဆေးဝါးတွေ ပြန်လည် စိစစ်ဆောင်ရွက်ဖို့နဲ့ လိုအပ်သောဆေးဝါးတွေ၊ ဆေးရုံသုံးပစ္စည်းတွေ ဖြည့်ဆည်းပေးခြင်း၊ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်း ဆေးဝါးတွေဈေးကွက်စစ်တမ်းကောက်ယူခြင်းကို သုံးလ တစ်ကြိမ် စစ်ဆေးပြီး ပြည်သူလူထုကို အသိပေးခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက် ရေကြီးနစ်မြုပ်နိုင်တဲ့ဒေသတွေမှာ ရာသီဥတုအလိုက် လိုအပ်တဲ့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားမှာပါ။

 

အားကစားနှင့် ကာယပညာဦးစီးဌာနအနေနဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လထဲမှာ (၁၉)ကြိမ်မြောက် (၁၉) နှစ်အောက် အရှေ့တောင်အာရှ လူငယ်ဘော်လီဘောပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိပါတယ်။

 

ဒေါက်တာမြင့်ဟန်

ညွှန်ကြားရေးမှူးချုပ်

ကုသရေးဦးစီးဌာန

မေး။ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုစီမံဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ။ ကုသရေးဦးစီးဌာနအနေနဲ့ ရန်ကုန်နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု တွေကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတဲ့အခါမှာ အရေးပေါ်သူနာပြုယာဉ်နဲ့အရေးပေါ်စောင့်ရှောက်မှုစနစ် ကုသမှု ပေးနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ဆောင်ရွက်မယ့်အစီအစဉ်ကတော့ ရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မှာရှိတဲ့ ၁၁ နေရာပေါ့။ တစ်နေရာနဲ့တစ်နေရာ မိုင် ၄၀ လောက် အကွာမှာရှိတဲ့ ဆေးရုံတွေကို အခြေပြုပြီးတော့ လူနာတင်ယာဉ်အသစ်တွေကို ထားသွားမှာ ဖြစ်ပါတယ်။ လူနာတင်ယာဉ်နဲ့အတူ ယာဉ်မောင်းတွေနဲ့ အရေးပေါ်စောင့်ရှောက်မယ့် ဝန်ထမ်းတွေကို ၂၄ နာရီ တာဝန်ပေးသွားမှာဖြစ်ပါတယ်။

 

ပြည်သူတွေ အရေးပေါ်စောင့်ရှောက်မှုကို ရနိုင်ဖို့ဆိုတာ ကျွန်တော်တို့သတင်းရရှိဖို့ အရေးကြီးပါတယ်။ အမြန်လမ်း ရဲတပ်ဖွဲ့နဲ့အတူ ဖုန်းနံပါတ် ၁၉၂ ကို ဆက်သွယ်ပြီး အချိန်နဲ့တစ်ပြေးညီသတင်းပေးရင် အလျင်အမြန် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အမြန်လမ်းပေါ်မှာ အရေးပေါ်ကုသ စောင့်ရှောက်ရေးပေါ်ပေါက်ရေးအတွက်က ပညာရပ် တစ်ခုဖြစ်ပါတယ်။ အရေးပေါ် ဆေးပညာကုသမှုနဲ့ ပတ်သက်ပြီးတော့ ဆေးတက္ကသိုလ် (၁) က ပံ့ပိုး ထားပါတယ်။ ဒီစနစ်မှာ နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံမှာ Command and Control Center ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က သယ်ဆောင်မှုတင်မကဘဲ ထိရောက်တဲ့ အရေးပေါ်ဆေးပညာနဲ့ လူနာတွေရဲ့အသက် ကို ကယ်တင်နိုင်ဖို့ကြိုးစားမယ့် စီမံချက်လည်းဖြစ်ပါတယ်။

 

ဒေါက်တာသန်းထွဋ်

ညွှန်ကြားရေးမှူးချုပ်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

မေး။ ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ပြည်သူ့အတွက် ရက် ၁၀၀ စီမံချက်မှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ဘယ်ကဏ္ဍတွေကို ဦးစားပေးဆောင်ရွက် သွားမယ် ဆိုတာကို သိပါရစေ။

ဖြေ။ နှစ်ပိုင်းရှိပါတယ်။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ပြီးသွားမယ့်ဟာတွေလည်းပါတယ်။ အစပြုရမယ့်ဟာတွေလည်း ပါပါတယ်။ စားသုံးဆီကိစ္စဖြစ်ပါတယ်။ စားသုံးဆီ ကိစ္စဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ နေ့စဉ်နဲ့အမျှ အဓိက စားသုံးနေကြပါတယ်။ ဒီအတွက် ရောနှောဆီကိစ္စ FDA နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အခုဆွေးနွေးမယ့်ကိစ္စက တကယ်ပဲ အရည်အသွေးပြည့်ဝပြီးတော့ အရည်အသွေးမီစားသုံးဆီကိစ္စဖြစ်ဖို့အတွက် နည်းပညာပိုင်းရော၊ ဥပဒေပိုင်းရော ဘက်ပေါင်းစုံ၊ လူပေါင်းစုံပါဝင်တဲ့ လုပ်ငန်းကြီး တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာပညာရှင်တွေ၊ လုပ်ငန်းရှင်တွေပါမယ်။ ပညာရှင်တွေပါမယ်။ အစိုးရဝန်ထမ်းတွေလည်းပါမယ်။ မေ ၁၇၊ ၁၈ ရက်လို့ ရည်မှန်း ထားပါတယ်။ ရည်မှန်းချက်ကတော့ စားသုံးဆီဟာ တကယ်ပဲ အရည်အသွေးပြည့်မီရဲ့လား၊ လုပ်သားပြည်သူ တွေအတွက် အန္တရာယ်ကင်းရဲ့လား၊ တိတိကျကျ အဖြေထွက်အောင်ဆောင်ရွက်ရမယ့် လုပ်ငန်းကြီး တစ်ခု ဖြစ်ပါတယ်။

 

နောက်တစ်ခုက အစားအသောက်တွေ၊ အလှကုန်တွေ၊ ဆေးဝါးတွေနဲ့ပတ်သက်ပြီးတော့ လုပ်နေရတာ နှစ်ခုရှိပါတယ်။ Pre market နဲ့ တစ်ခုက Post market ဖြစ်ပါတယ်။ ဈေးကွက်မတင်မီစစ်ဆေးတာကတော့ လုပ်ထုံး လုပ်နည်းတွေ၊ ဥပဒေတွေရှိပြီးသားပါ။ ဒါတွေနဲ့အညီ ခွင့်ပြုပေးခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက လုပ်သား ပြည်သူတွေဆီကို တိုက်ရိုက်ရောက်တဲ့ Post market ဖြစ်ပါတယ်။ ဈေးကွက်ကို ထိန်းချုပ်ခြင်းလို့ ခေါ်ပါတယ်။ အဲဒါကိုတော့ ရက် ၁၀၀ အတွင်းမှာ ပိုပြီးတော့ အချိန်ယူပြီးလုပ်ပါမယ်။ ဒီမှာလည်း နှစ်မျိုးရှိပါတယ်။

 

တစ်ခုက ကျွန်တော်တို့ဌာနက လစဉ်လစဉ် Plan ဆွဲပြီးတော့ တိုင်းနဲ့ပြည်နယ်အနှံ့မှာ ဒီဈေးကွက်ကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ လစဉ် Plan ရှိပါတယ်။ ဒါပုံမှန်ဆောင်ရွက်မယ့် ကိစ္စပါ။ လစဉ်လုပ်နေတာပါ။ အထူးကိစ္စ တွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကော်ဖီမစ်စက်ရုံဝင်ကြည့်တာမျိုးတို့ အဲဒီအထူးကိစ္စတွေကို အဖွဲ့ပေါင်းစုံပါဝင်တဲ့ အဖွဲ့၊ မီဒီယာတွေ ပါပါတယ်။ ရက် ၁၀၀ အတွင်းမှာ အထူးကိစ္စပေါင်း တော်တော်များများ ဘယ်ချိန်၊ ဘယ်ကာလမှန်းမသိတဲ့ ဈေးကွက်ကို ကြပ်မတ်ခြင်း၊ အရည်အသွေးပြည့်မီတဲ့၊ အတုအပဖြစ်တဲ့၊ အန္တရာယ်ပြင်းတဲ့ အစားအသောက်၊ ဆေးဝါးတွေ၊ လူသုံးကုန်အလှပြင်ပစ္စည်းတွေကို ရှာဖွေခြင်းတွေကိုလုပ်ပါမယ်။

 

ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း ကိစ္စတွေဖြစ်ပါတယ်။ ဒီနေရာမှာ FDA အနေနဲ့ကတော့ တရားမဝင်တဲ့ အစားအသောက်ဆေးဝါးတွေ၊ လူသုံးကုန်အလှကုန်တွေကို ရှာတယ်၊ ဖွေတယ် ပြီးရင်တရားစွဲဆိုပေးမယ်။ ဒါတွေနဲ့ ပိုပြီးထိရောက်အောင်အရေးယူမယ့် ညှိနှိုင်းအစည်းအဝေးကြီးတစ်ခု ပြုလုပ်ပါမယ်။ အဲဒီမှာ ပြည်သူတွေ ကိုယ်စားပြုတဲ့၊ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါမှာ ဖြစ်ပါတယ်။

 

ဌာနဆိုင်ရာအကြီးအကဲတွေ နှီးနွှယ်ပတ်သက်တဲ့ ဌာနတွေပေါ့။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာ၊ အကောက်အခွန်ဦးစီးဌာန စတဲ့ ဒီဌာနတွေနဲ့ လက်တွဲဆောင်ရွက်နေရတဲ့ ဌာနတွေ၊ နောက်တစ်ခါ လုပ်ငန်းရှင်ကြီးတွေ၊ ပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေ အဲဒီက ပုဂ္ဂိုလ်တွေအစုံပါမယ်။ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ မီဒီယာများပါ ပါပြီးတော့ အစည်းအဝေးလုပ်ဖို့ရှိပါတယ်။ အစားအသောက်တွေ၊ ဆေးဝါး၊ လူသုံးကုန် အလှကုန်တွေ၊ ဆေးပစ္စည်းတွေ အန္တရာယ်ကင်းနိုင်ဖို့ဆိုတာက အားလုံးက အသိပညာရှိဖို့လိုပါတယ်။ ပညာပေး လုပ်ငန်းတွေကို အရှိန်မြှင့်လုပ်မှာဖြစ်ပါတယ်။ နည်းပေါင်းစုံနဲ့ ပညာပေးပါမယ်။ ဟောပြောပွဲတွေ ရှိမယ်။ လက်ကမ်းစာစောင်တွေရှိမယ်။ ငြူဘသမေိ တွေရှိမယ်။ နောက်တစ်ခါ ပညာပေး ရမယ့်အုပ်စုကတော့ ထုတ်လုပ်သူများဖြစ်ပါတယ်။ စားသောက်ကုန်ထုတ်လုပ်သူတွေ၊ ရောင်းချသူတွေ၊ ဒီလူတွေနဲ့ပတ်သက်တဲ့ ဘယ်လိုထုတ်လုပ်ပါ၊ ဘယ်လိုရောင်းချပါ၊ ဘယ်လိုသိုလှောင်ပါ၊ ဘယ်လိုဖြန့်ဖြူးပါဆိုတဲ့ ပညာပေးလုပ်ငန်းတွေဖြစ်ပါတယ်။

 

ဈေးကွက်ထဲမှာရှိနေတဲ့ တရားမဝင် အစားအသောက်တွေ၊ ဆေးဝါးတွေ၊ လူသုံးကုန် အလှကုန်တွေရော စောစောကပြောခဲ့ တဲ့အတိုင်းပါပဲ။ Post market Survey နဲ့ အဓိကသွားပါမယ်။ ဒီနေရာမှာ ပုံမှန်သွားနေတဲ့ လမ်းကြောင်းကတစ်ကြောင်း၊ အဲဒီအပြင် အထူးကိစ္စအနေနဲ့ စောစောကပြောခဲ့သလိုပဲ ဆောင်ရွက်ဖို့တွေ အများကြီးရှိပါတယ်။ ဒီသုံးလမှာ အရေအတွက်တိုးပြီးတော့ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီအပြင် စစ်ဆေး ဆောင်ရွက်ခြင်းတွေကိုလည်းပဲ အရေအတွက် တိုးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

အဲဒီမှာ မဟာဗျူဟာတွေရှိပါတယ်။ မဟာဗျူဟာကိုတော့ 3L လို့ သတ်မှတ်ထားပါတယ်။ ပထမ L ကတော့ Law and Legislation  (ဥပဒေကွပ်ကဲကြပ်မတ်ခြင်းပေါ့)။ မြန်မာနိုင်ငံမှာရှိတဲ့ အစားအသောက်ဥပဒေဟာ ၁၉၉၂ ခုနှစ်တုန်းက ရေးဆွဲခဲ့တာဖြစ်ပါတယ်။ သိပ်ခေတ်မမီတော့ဘူး။ ဒီအတွက် အသစ်ပြန်ဆွဲနေပါတယ်။ နိုင်ငံတကာကျွမ်းကျင် ပညာရှင်တွေ၊ ပြည်တွင်းက ကျွမ်းကျင်ပညာရှင်တွေနဲ့ပေါင်းပြီးတော့မှ ရေးဆွဲလျက်ရှိပါတယ်။ ပထမမူကြမ်း ပြီးနေပါပြီ။

 

နောက်ထပ်ဥပဒေကတော့ Medical Device Law လို့ခေါ်ပါတယ်။ အလှကုန်နဲ့ ဆေးပစ္စည်းဆိုင်ရာဥပဒေ ဖြစ်ပါတယ်။ ဒါလည်းပဲ မကြာခင် First Draft ထွက်ပါမယ်။ နောက်တစ်ခုကတော့ ဆေးဝါးဥပဒေ ဖြစ်ပါတယ်။ စပေါ်တာတော့ ၁၉၉၂ ခုနှစ်က ပေါ်တယ်။ ၂၀၁၄ ခုနှစ်မှာ Reverse လုပ်ထားပါတယ်။ သူ့ကိုလည်းပြန်ပြီးတော့ Review လုပ်နေပါတယ်။

 

ဒုတိယ L က Laboratory ပါ။ သူ့ကို ISO 17025 လို့ခေါ်တဲ့ နိုင်ငံတကာအသိ အမှတ်ပြုတဲ့ Laboratory ဆောင်ရွက်ဖို့ရှိပါတယ်။ သူ့မှာ နှစ်ပိုင်းရှိပါတယ်။ Microbiology လို့ခေါ်တဲ့ အဏုဇီဝအပိုင်းရယ်၊ Chemistry လို့ခေါ်တဲ့ ဓာတုအပိုင်းရယ် ဖြစ်ပါတယ်။ နှစ်ပိုင်းစလုံးကို ISO ရဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။

 

နောက်တစ်ခါ သူ့အတွက်လိုအပ်တဲ့ Facility လို့ခေါ်တဲ့ ဓာတ်ခွဲပစ္စည်းတွေကိုလည်းပဲ ဒီသုံးလအတွင်းမှာ စပြီးတော့ ဘယ်လိုမှာယူဝယ်ယူကြမလဲဆိုတာကို အဖွဲ့နဲ့ စနစ်ကျသော Tender စနစ်နဲ့ ဒီသုံးလ အတွင်းမှာ ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

 

နောက်ထပ် L ကတော့ Link ပေါ့။ ဒါ ဘာနဲ့နွှယ်လဲဆိုတော့ စောစောကပြောတဲ့ Post market Survey နဲ့ ပြန်နွှယ်ပါတယ်။ Local Link လို့ခေါ်တဲ့ ပြည်တွင်းကွန်ရက် အဖွဲ့အစည်းကို ထူထောင်ထားပါတယ်။ အလားတူပဲ Asean Link ဆိုတာရှိတယ်။ အဲဒီအဖွဲ့နဲ့ ဒီရက် ၁၀၀ အတွင်းမှာ ဆောင်ရွက်ဖို့ ကိစ္စလေးတွေရှိပါတယ်။ အနည်းဆုံး သုံးခု အဆင့်မြှင့်ဆောင်ရွက်မှာဖြစ်ပါတယ်။ နောက် တစ်ခုကတော့ International Link မှာ Interpol လို့ခေါ်တဲ့ အဖွဲ့အစည်းနဲ့ ချိတ်ဆက်ထားပါတယ်။ ထူးခြားထိရောက်တဲ့ သတင်းအချက်အလက်ဖလှယ်ခြင်း၊ ထူးခြား ထိရောက်တဲ့ တရားမဝင် ပစ္စည်း၊ ဆေးပစ္စည်းတွေ၊ အလှကုန်တွေ၊ လူသုံးကုန်တွေ ရှာဖွေဖော်ထုတ်ခြင်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

ဒေါက်တာစိုးလွင်ငြိမ်း

ညွှန်ကြားရေးမှူးချုပ်

ပြည်သူ့ကျန်းမာရေးဦးစီးဌာန

မေး။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်နေထိုင်တဲ့ ကျေးလက်ဒေသတွေမှာ ကျန်းမာရေး ကဏ္ဍ နိမ့်ကျနေမှုနဲ့ပတ်သက်လို့ ဖြည့်တင်းဆောင်ရွက်မယ့်အစီအစဉ် ရက် ၁၀၀ စီမံကိန်းမှာ ပါပါသလား။

ဖြေ။ ကျေးလက်နေ ပြည်သူလူထုရဲ့ ကျန်းမာရေး အဆင့်အတန်း တိုးတက်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူလူထုအခြေပြု ကျေးလက်ကျန်းမာရေးဌာန၊ ဆေးခန်းတွေ ဖွင့်လှစ်ထားပါတယ်။ community clinic လို့ခေါ်ပါတယ်။

 

အဲဒီဆေးခန်းကဘာလုပ်ပေးမလဲဆိုရင် အသက် (၅)နှစ်အောက်ကလေးတွေ ကျန်းမာရေးပြဿနာတွေ၊ ဖျားနာတာကအစ ကျွန်တော်တို့ သက်ဆိုင်ရာအခြေခံကျန်းမာရေးဝန်ထမ်းတွေ စမ်းသပ်ပေးမယ်။ ဆေးကုပေးမယ်။ လိုအပ်ရင် ကျွန်တော်တို့ အရေးပေါ် ဆေးရုံတွေကို လွှဲပေးတာတွေကို ဆောင်ရွက်ပေးမယ်။

 

ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ဆေးခန်း child clinic က ဘာကိုပါလုပ်ပေးသလဲ ဆိုရင် ကလေးတွေကို ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကိုပါ လုပ်ပေးတယ်။

 

နောက်တစ်ခုက MCH clinic ပါ၊ MCH clinic ဆိုတာက ကလေးတွေကိုလည်း ကြည့်တယ်။ အမေတွေကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုပေးတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ကို နေ့စဉ်ဆေးခန်း ဖွင့်ပြီးတော့ စောင့်ရှောက်မှု ပေးတယ်။

 

နောက်တစ်ခုကတော့ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းပါ။ အရင်တုန်းကတော့ ကျေးလက်ကျန်းမာရေး ဌာနတစ်ခုအောက်မှာ RHC လို့ခေါ်ပါတယ်။ သူက ကာကွယ်ရေးလုပ်ငန်းကိုပဲလုပ်တယ်။ ကုသရေးလုပ်ငန်းကို မလုပ်ဘူး။ အခုကျွန်တော်တို့က ဒီဆေးခန်းထဲမှာပဲ ဒီကျန်းမာရေးဌာနထဲမှာပဲ ဆေးခန်းသုံးခုကို ထည့်လိုက်တာပါ။ အောင်မြင်နေတဲ့နေရာတွေမှာဆိုရင် တစ်နေ့ကို ၅၀ ကနေ ၁၀၀ လောက် အဘိုး အဘွားတွေ လာပြီးတော့ပြကြပါတယ်။

 

အခုလောက်ဆိုရင် ကျွန်တော်တို့ရဲ့ community clinic တွေ အခု ဒီကျေးလက်ဒေသအခြေပြု ကျန်းမာရေး ဆေးခန်းတွေဟာ ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့တင် ဆောင်ရွက်နေတာမဟုတ်ဘဲနဲ့ ရပ်ရွာမှာရှိတဲ့ လူငယ်တွေကလည်း လုပ်အားပေးတွေအနေနဲ့ ပါဝင်ဆောင်ရွက်တဲ့အတွက်ကြောင့် ပိုပြီးတော့ ထိရောက်ပါတယ်။

 

ပြည်သူလူထုအခြေပြု ကျန်းမာရေး ဆေးခန်းတွေဖွင့်ရတာတော့ နည်းနည်းအခက်အခဲရှိပါတယ်။ ဒါပေမယ့်လည်းပဲ ရွာလူထုက ပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့် သူတို့သတ်မှတ်ထားတဲ့ အိမ် (သို့မဟုတ်) နေရာ တစ်နေရာမှာ သက်ဆိုင်ရာ ဆရာမတွေနဲ့ ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။

 

ဟုတ်ကဲ့။ အခုလို စိတ်ရှည်လက်ရှည် အချိန်ပေးပြီး ဖြေကြားပေးတဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူအားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ။